နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ သမိုင်းကြောင်း

နိဒါန်း

၁။      စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် များစွာသော စက်မှုလုပ်ငန်းများတည်ဆောက်ရန် လိုအပ်နေပြီး အဆိုပါ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နိုင်ငံခြားမှစက်ပစ္စည်းများ တင်သွင်းရန် လိုအပ်သကဲ့သို့ ပြည်တွင်း၌ စက်ပစ္စည်းများ တည်ဆောက်ရန်လည်း လိုအပ်သောကြောင့် စက်မှုလုပ်ငန်းများဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စက်မှု နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနကို ၁၉၉၈ ခုနှစ်၊ ဇူလိုင်လ(၂၃) ရက်နေ့ ရက်စွဲပါ အစိုးရအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၂၆/၉၈) ဖြင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၂။       သတ္တုတွင်းဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန လက်အောက်မှ ၁၉၉၈ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသနဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သော သတ္တုဗေဒသုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းဌာန(အေလာ)အား စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန လက်အောက်သို့ ၂၀၀၀ခုနှစ်၊ မတ်လ(၁)ရက်နေ့တွင်လည်းကောင်း၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ ဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ဇီဝနည်းပညာသုတေသနဗဟိုဌာနနှင့် ဇီဝနည်းပညာ မဟာဌာနတို့အား စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနလက်အောက် သို့ ၂၀၀၁ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် လွှဲပြောင်းပေးအပ်၍လည်းကောင်း၊      ၂၀၁၀ ခုနှစ်တွင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း) အား စတင်တည်ထောင်၍လည်းကောင်း နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် စေခဲ့ပါသည်။  သို့ဖြစ်ပါ၍ ၁၉၉၈ – ၁၉၉၉ မှ ၂၀၁၄ – ၂၀၁၅ ထိ စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဉီးစီးဌာနလက်အောက်တွင် –

(က)    ရုံးချုပ်၊

(ခ)     သတ္တုဗေဒသုတေသနလုပ်ငန်းဌာန(အေလာ)နှင့်

(ဂ)     နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း) ဟူ၍ ဌာန(၃)ခု တို့ဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။

၃။      ၂၀၁၅ ခုနှစ်၊ ဧပြီလမှ စတင်၍ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနလက်အောက်ရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် စက်မှုနှင့်သက်မွေးပညာဦးစီးဌာနလက်အောက်ရှိ နည်းပညာ တက္ကသိုလ်များ၊ စုစုပေါင်းတက္ကသိုလ်(၆၀)ကျောင်းနှင့် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)၊ မော်တော်ယာဉ်နည်းပညာသုတေသနဌာန(ပြင်ဦးလွင်)၊ နည်းပညာတီထွင်ဆန်းသစ်မှု နှင့်မြှင့်တင်ရေးသင်တန်းကျောင်း (ယခု သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ သုတေသနဌာန)၊ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာန၊ နည်းပညာသုတေသနဌာန(မြိုင်)နှင့် ICT နည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာနတို့အား စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနလက်အောက်တွင် ပြင်ဆင်ပြောင်းလဲဖွဲ့စည်းစေခဲ့ပြီး မူလ သုတေသနဌာနများ၊ သင်တန်းကျောင်းများအပြင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် (၆၀)ကျောင်းအတွက် စီမံအုပ်ချုပ်လုပ်ငန်းများနှင့် ဘဏ္ဍာရေးလုပ်ငန်းများအားလုံးကို တာ၀န်ယူ ဆောင်ရွက်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၇ ဩဂုတ်လအထိ စက်မှု နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဉီးစီးဌာန ဖွဲ့စည်းပုံတွင် –

(က) ရုံးချုပ်၊

(ခ) နည်းပညာမြှင့်တင်ရေးသင်တန်းဌာန(ဘယ်လင်း)၊

(ဂ) မော်တော်ယာဉ်နည်းပညာသုတေသနဌာန(ပြင်ဉီးလွင်)၊

(ဃ) နည်းပညာသုတေသနဌာန(မြိုင်)၊

(င) နည်းပညာတီထွင်ဆန်းသစ်မှုမြှင့်တင်ရေးသင်တန်းကျောင်း(လှိုင်)၊

(စ) အသိညဏ်ပစ္စည်းမူပိုင်ခွင့်ဌာန၊

(ဆ) ICT နည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန၊

(ဇ) နည်းပညာတက္ကသိုလ်/ကွန်ပျူတာတက္ကသိုလ်(၆၀)ကျောင်း၊

(ဈ) နေပြည်တော်ကောင်စီနယ်မြေနှင့်တိုင်းဒေသကြီး/ပြည်နယ် ဉီးစီးရုံးများ(၁၅)ရုံး ဟူ၍ ဌာနခွဲ(၉)ခုဖြင့်  ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၄။      ၄င်းနောက်ပညာရေး၀န်ကြီးဌာန၏ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်စွဲပါ စာအမှတ်၊ အုပ်ချုပ်မှု(ဖွဲ့စည်းပုံ)/၂၀၁၆(၁၀၀၉၄)ဖြင့် အဏုမြူစွမ်းအင်ဦးစီးဌာန၊ ဇီ၀နည်းပညာသုတေသနဌာနနှင့် ဒြပ်ပစ္စည်းသိပ္ပံသုတေသနဦးစီးဌာနတို့အား စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနလက်အောက်သို့ဌာနခွဲများအဖြစ် ထည့်သွင်း၍ ဖွဲ့စည်းခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၆-၂၀၁၇ မှစ၍ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့အထိ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်း ဆောင်ရွက်ရေးဉီးစီးဌာန ဖွဲ့စည်းပုံတွင်-

(က) ရုံးချုပ်၊

(ခ) ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန၊

(ဂ) ဇီဝနည်းပညာသုတေသနဌာန၊

(ဃ) မော်တော်ယာဉ်နည်းပညာသုတေသနဌာန(ပြင်ဉီးလွင်)၊

(င) နည်းပညာသုတေသနဌာန(မြိုင်)၊

(စ) အဏုမြူစွမ်းအင်ဌာန၊

(ဆ) အီလက်ထရောနစ်အုပ်ချုပ်ရေးစနစ်နှင့်ICT နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန၊

(ဇ) မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း(MDI) ဟူ၍ ဌာနခွဲ(၈)ခု ဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

၅။      နိုင်ငံတော်၏ လူမှုအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် နည်းပညာရပ်များဖွံ့ဖြိုး တိုးတက်မှုနှင့် စနစ်တကျအသုံးချနိုင်မှုသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါ၀င်နေလျက်ရှိပြီး အစိုးရ၊ ပုဂ္ဂလိကအဖွဲ့အစည်းများအကြား နည်းပညာရပ်ဆိုင်ရာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော် ဦးစားပေးဆောင်ရွက်သွားနိုင်ရန်အတွက် စက်မှု နည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအား နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနအဖြစ် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့မှ စတင်၍ အောက်ပါဌာနခွဲ(၅)ခုတို့ဖြင့် ပြင်ဆင်ပြောင်းလဲဖွဲ့စည်း ခဲ့ပါသည်-

(က) ရုံးချုပ်

(ခ) ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန

(ဂ) မော်တော်ယာဉ်နည်းပညာသုတေသနဌာန

(ဃ) စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာန

(င)သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဌာန